- တူရာသီ…ယင်း ‘မာသ’
ကင်းဝါပ…သီတင်းကျွတ်ပြီ
လင်းဖြာကျ…အဿဝဏီ
ပုဏ္ဏမီ…နှစ်ဆောင်ဆင့်လို့
တောင်နှင့်မြောက်…အလင်းဆိုင်…မီးထွန်းပွဲ…မြိုင်…။
- ချီးဝှန်းကဲ…ကုဏ္ဍလာအိုင်
ငါးကြာလှိုင်…ကြိုင်ချိန်လန်းဖြာတော့
ဝတိံနန်းမှ…အရှင်ထွက်ကြွ…ရတုခါ…သင်္ကဿ…လူ့ရွာ
- ယှဉ်ဘက်မမျှ…အဘိဓမ္မာကို
မိမာတာ…နတ်သားနှင့်
အထက်ဖျား…များဝေနေ…ဟောပြီးချိန်ပေ
ဝတိံခရိး…ဘုံယုဂန်ဗွေ
ခြုံစုရံရွှေ…နတ်တွေပေါင်းရယ်က
ရွှေစောင်းတန်း…ဝဲကြောင်းပတ်ချာ…ပေါင်းလွှမ်းဆက်ကာ
ငွေစောင်းတန်း…လမ်းလင်္ကျာမှာ
ထက်ဗြဟ္မာ…တစ်ဖြာဆက်လို့
အောက်ရပ်က..ငါတို့လူ…မီးမြင်းမုရ်လှူ…
ဘုရားသပိတ်…(သိကြား)ငယ်ကူ
ဆောင်းထီးဖြူ…(မဟာဗြဟ္မာ)နှင့်
(သုယာမ) စာမရီ…သားမြီးယပ်ချီ
(ပဉ္စသီခ)စောင်းတေးသီတယ်
ပတ္တမြားစီ…အလယ်နန်းရပ်က
မြန်းထွက်သက်…သုံးခေါင်နရိန်…ဘုန်းခြောက်ရောင်ရှိန်
အခေါင်ထက်…မိုးအာလိန်မှာ
ရတနာစိန်…ထိန်ပွက်သည်ဘုရာ့…လေး…
ကမ္ဘာအိမ်…အရှိန်လက်သည့်ဘုရာ့…လေး…။
(ဥဒါန်းနေ)
................................................................................................
Dသီတင်းကျွတ်နဲ့ ထုံးစေတီ
သီတင်းကျွတ်မူ ၊ ရွှေတူရာသီ
အသဝဏ်နတ် ၊ နက္ခတ်ပေါ်မှီ
ပဒုမ္မာပန်း ၊ ထူးဆန်းပွင့်သည်
မြင်းမိုရ်ပွဲ ၊ လှူမြဲခောတ်အတည်။
(ကဗျာဗန္ဓ သမူဟ လက်စွဲကျမ်း)
· ဝါဆိုကျော်ဟောင်း ၊ ဝါနှောင်းဆင်ပြီ
အသဝဏ်နတ် ၊ နက္ခတ်စုံညီ၊
ချိုအီပျံ့မွှေး ၊ နံ့သွေးစုံစီ
မဟီနန်း ကြာပန်းပွင့်လေသည်။
· ကြာနံ့သင်းသင်း ၊ လေညှင်းဝေသီ
စေတီပုထိုး ၊ ဦးလှိုးခိုမှီ၊
သာကီနွယ်ဖျား ၊ တို့များဇာနည်
လာပြီဟေ့….
ဖူးတွေ့ထုံးစေတီ။
· ထုံးစေတီကြီး ၊ ထီးထီးခိုင်ခိုင်
ကိုယ်တိုင်လှူမှ ၊ ဒါနအပိုင်၊
မီးတိုင်ရေချမ်း ၊ ပန်းလည်းဝေမြိုင်
သဒ္ဓါခင်း အလင်းနိဗ္ဗာန်တိုင်။
· သီတင်းကျွတ်
ကင်းလွတ်ပေါ့ မိုးရာသီ
မျိုးသာကီ မြင်းမိုရ်ပွဲ
ဆင်နွှဲကြပြီ….။
· ရနံ့ကြည်
ပျံ့အီတဲ့ ပဒုမ်ပန်း
အသဝဏ် နက္ခတ်ဆန်းကို
လှမ်းခိုလို့….နမ်း။
(အောင်မှူးဝေ)
Y UUUEU L
‘‘သီတင်းကျွတ် ၊ ကြာဝတ်ကယ်လှိုင်ညီ ၊
အသဝဏီ ၊ နာရီချိန်ဆွဲ
ဆီမီးမြင်မိုရ် ၊ မဂ်ဖိုလ်ရှုကြပွဲ’’
ချိန်ခွင်ဆွဲသော ရုပ်ပုံနှင့်သတ်မှတ်ထားသော (တူ)ရာသီလမှာ ‘‘သီတင်းကျွတ်လ’’ဖြစ်၏ ။ ရှေးအခါက ‘‘သံတူလ..’’ဟူ၍လည်းဆိုကြ၏ ။တန်ခူးလနှင့် နေ့တာညတာ ညီမျှ၏ ။ ငါးမျိုးသောကြာ ပန်းစုံရနံ့ ထုံစွာပွင့်ငုံဖူးကြ၏ ။ ဤရာသီတွင် ‘‘အသဝဏီ’’နက္ခတ်စန်းယှဉ်၏ ။ ထို့ပြင်မြတ်သောလရာသီဟုလည်းအဆိုရှိကြ၏ ။ မြတ်စွာဘုရားသခင်တာဝတိံသာနတ်ပြည်တွင် ‘‘အဘိဓမ္မာ’’တရားဟောကြားပြီး လူ့ပြည်ရွာသို့ ပြန်လည်ဆင်းသက်လာသည်ကို လူနတ်ဗြဟ္မာအဖြာဖြာတို့က ထိန်ထိန်ရွှန်းရွှန်းဆီမီးထွန်းညှိ ပူဇော်ကြိုဆိုကြသည့် အခါသမယအဖြစ် အထွတ်အမြတ်ထားသည့် လမဟာတစ်ပါးဖြစ်သည်။
မြန်မာ့ ၁၂ လ၏ သတ္တမမြောက်လကို သီတင်းကျွတ်လဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းကို ပုဂံခေတ်တွင် လုံးဝမရှိ ၊ အလျဉ်းမတွေ့ရ။ ထိုခေတ်၊ ထိုကာလက၊ ဤလကိုသန်တူဟူ၍ လည်းကောင်း၊ သန္တူဟူ၍သော်လည်းကောင်း ရေးသားခြင်းပြုသည်။ ‘သန်’သည်ကောက်စပါး ‘တူ’သည်ထောင်မတ်သည် ဟူသော အနက်ရှိရာ ကောက်စပါးပင်များ ပေါက်ဖွား ထွက်ထ ထောင်မတ်လာသောလ ဟူ၍ အစဉ်အဆက် သုံးစွဲသည်။
မြန်မာ့ ၁၂ လ၏ သတ္တမမြောက်လကို သီတင်းကျွတ်လဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းကို ပုဂံခေတ်တွင် လုံးဝမရှိ ၊ အလျဉ်းမတွေ့ရ။ ထိုခေတ်၊ ထိုကာလက၊ ဤလကိုသန်တူဟူ၍ လည်းကောင်း၊ သန္တူဟူ၍သော်လည်းကောင်း ရေးသားခြင်းပြုသည်။ ‘သန်’သည်ကောက်စပါး ‘တူ’သည်ထောင်မတ်သည် ဟူသော အနက်ရှိရာ ကောက်စပါးပင်များ ပေါက်ဖွား ထွက်ထ ထောင်မတ်လာသောလ ဟူ၍ အစဉ်အဆက် သုံးစွဲသည်။
အင်းဝခေတ် သက္ကရာဇ် ၈၀၀ ခန့်လောက်က စ၍ သတင်းကျွတ်ဟူ၍ ရေးသားသမှု ပြုလာသည်။ ယခုခေတ်ကာလကဲ့သို့ (သ) တွင် လုံးကြီးတင်ဆန်ခတ်၍(သီ)ဟူ၍(အီသာရယှဉ်ကပ်) လျက်မရေးပါ။ မင်းတုန်းမင်းတရားလက်ထက် လှေသင်း အတွင်းဝန်မင်းကြီး ရေးသားသည့် ‘‘ဝေါဟာရ လိနတ္တ ဒီပဏီကျမ်း၌ပင် သတင်းကျွတ်လ ဟုရေးသားသည်။
သတင်းသည်လဲလျောင်းသည် သတင်းဝါလကျွတ်သည် လွတ်မြောက်သည်ဟုဆို သည်။ ထို့ကြောင့် သတင်းကျွတ်လသည်ကား ရဟန်းတော်များ သီလကျင့်သုံးဆောက်တည် နေထိုင်သော ကာလမှလွတ်မြောက်သော၊ ဝါကျွတ် ဝါထွက်လ ဟူ၍သတ်မှတ်သည်။ဤ ကာလတွင်ကား ‘‘သီတင်းကျွတ်’’လဟူ၍ သတ်မှတ်သည်။
‘‘ဆီမီး’’….ဟူသောဆိုထုံးစကားအရ သီတင်းကျွတ်လ၏ ရက်ရာဇာများမှာ အင်္ဂါနေ့နှင့်ကြာသပတေးနေ့များဖြစ်လေသည်။ ရှေးမြန်မာများအယူအရလည်း သီတင်းကျွတ် လသည် တောင်အရပ်တွင် ကလေးအချင်းမြှုတ်သောလအဖြစ် လည်းအယူရှိကြ၏ ။ သားသမီးဖွားမြင်ခြင်းအကျိုးအပြစ်အဟော၌လည်းသီတင်းကျွတ်လ၌သားယောက်ျားလေးမွေးဖွားသော် ထိုသားသည်စိတ်နှလုံးကောင်း၏ ၊၊ ချစ်သူများ၏ ။ သမီးမိန်းကလေးဖွားမြင်ခဲ့ပါမူ အိမ်ထောင်ဖက်အဖျက်များ၏ဟုဆိုရိုးရှိခဲ့လေသည်။ထိမ်းမြားမင်္ဂလာပြုလုပ်ရန်ကောင်းသောလ (၆) လထဲတွင် သီတင်းကျွတ်လလည်းပါဝင်လေသည်။ ရှေးစာဆိုတို့အလိုအရဆိုရပါလျှင်..
‘‘သီးတင်းကျွတ်မူ ၊ လူနတ်ရဟန်း ၊ ရွှင်လန်းဖြင့်ညီး ၊ သားသမီးနှင့်ပွားစီးလူထံ ၊ ကောင်းစွာစံအံ့’’
ဟူ၍ပင် ဖွဲ့ဆိုထားခဲ့ကြ၏ ။ အိမ်ယာထူထောင်ကြကုန်သော မောင်မယ်တို့အတွက် ကျက်သရေမင်္ဂလာရှိသော ကာလအဖြစ် သီတင်းကျွတ်လကို သတ်မှတ်ထားကြလေသည်။
‘‘သီတင်းကျွတ်တွင် ၊ ပလ္လင်ဆေးမိုး ၊ ရွာသွန်းဖြိုး’’
ဘုရားဆွမ်းတော်တင်သည့်ပလ္လင်အား ‘‘သင်ပုတ် ပလ္လင်’’ဟုလည်းခေါ်ဆိုကြ၏ ။ သီတင်းကျွတ်လတွင် ဘုရားအခင်အား အထွတ်အမြတ်ဆွမ်းဦးတင်တတ်ကြရာ ထိုဆွမ်းဦးမတင်မီ ရွာသောမိုးဖြစ်၍ သီတင်းကျွတ်မှာရွာသောမိုးကို ‘‘ပလ္လင်ဆေးမိုးဟုလည်း ခေါ်ဆိုခဲ့ကြချင်းဖြစ်လေသည်။ ရျေးမြန်မာတို့ အယူအဆအရ နွေ၊မိုး၊ဆောင်းဟူသည့် ဥတုသုံးပါး နှင့် ဟေမန္တ၊ သိသိရ စသည်ဖြင့် ဥတုခြောက်ပါးဟူ၍ ဥတုနှစ်မျိုးနှစ်စား ခွဲခြားထား၏ ။ သို့သော် ယခုအခါတွင် ဟေမန္တ၊သိသိရ ၊ ဝသန္တ.. အစရှိသည့်ဥတုခြောက်ပါးကို ‘ရသခြောက်ပါး’’ဟုခေါ်ဝေါ်သုံးစွဲကြ၏ ။
ဝါဆို၊ဝါခေါင်၊တော်သလင်း၊သီတင်းကျွတ်၊ ဤ လေးလတို့သည် ‘ ‘ဝဿန’’ မိုးဥတုမည်၏။ ရတုအားဖြင့် ‘‘သရဒ’’.. မည်၏။ ရဟန်းသာမဏေတို့သည ဝါဆိုအချိန်မှစပြီး ‘‘ဣမသ္မိံဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပမေ’’ဟု သုံးကြိမ်ရွတ်ဆိုကာ ဝါဆိုကြရ၏။
ဤကျောင်း၊ ဤအရံအတားအတွင်း၌ ဝါတွင်းကာလ သုံးလပတ်လုံးနေထိုင်ခြင်း ၊ မိုးခိုခြင်းများပြုပါ၏…ဟုရွတ်ဆိုကာ ဝါဆိုမှုပြုကြခြင်းပင်ဖြစ်လေသည်။ ရဟန်းတို့သည် ဝါပန်ပြီးခရီးသွားသည့်အခါ ခုနှစ်ရက်အတွင်း မိမိသီတင်းသုံးသော ကျောင်း ၊ အဝန်းအဝိုင်းသို့ ပြန်မရောက်ပါက ဝါပျက်တော့လေသည်။ ဝါပျက်ပါက ဒုက္ကဋ်အာပတ်သင့်တော့၏။ ထို့ကြောင့်ရဟန်းတော်များသည် မိမိတို့ဝါဆိုထားသောကျောင်း၏ အရံအတားအတွင်း၌သာ အာရုဏ်ခံကြရမည် ၊။ အာရုဏ်မတက်မီ ကျောင်းအပြင်သို့မထွက်ကြရ ၊ အနည်းဆုံးခြေတစ် လှမ်းပင်ကျူးကျော်မိပါက ဆောက်တည်ထားသော ‘‘ဝါ’’ကျိုးတော့၏။ ဝါပျက်တော့၏။
တဖန် ခရီးသွားမည်ဟုဝါပန်ထားပြီးသော ရဟန်းသည် ကျောင်းအပြင်ဘက်သို့ ရောက်ပြီးကာမှ ထီးဖိနပ်မေ့ကျန်ခဲ့၍ ကျောင်းတွင်းသို့ပြန်ဝင်ကာ ပြန်ယူသည်ရှိသော် ပထမ ဝါပန်ခြင်းသည် အလိုလိုပျက်ပြယ်သွားတော့၏။ ထိုအခါ ဒုတိယအကြိမ်ဝါပန်ပြီးမှ ခရီးသွားရမည်ဖြစ်၏။ ဒုတိယအကြိမ် ဝါမပန်ဘဲ ခရီးသွားခဲ့သော် ဝါကျိုးပျက်တော့၏။ ဝါကျိုးပျက်သောရဟန်းနှင့် ဝါမဆိုသောရဟန်းတို့သည် ဒုက္ကဋ်အာပတ်သင့်ကုန်ကြလေသည် ။ သို့သော် ဝါတွင်းကာလ၌ ပစ္စည်းလေးပါးခေါင်းပါးသောကြောင့်၎င်း အန္တရာယ်အမျိုးမျိုးတို့ ကြောင့်၎င်း၊ အခြားနေရာသို့ အရွေ့အပြောင်းရှိပါက အာပတ်မသင့်ဟု အဆိုရှိကြလေသည်။
ဤသို့ဖြင့် ဝါဆိုလပြည့်နေ့က စ၍ ဝါဆိုလာကြသည်မှာ သုံးလပြည့်မြောက်သော သီတင်းကျွတ်လသို့ရောက်ရှိခဲ့တော့၏ ။ ဝါဆိုကာသီသုံးနေခဲ့ကြခြင်းမှလွတ်မြောက်သောလ မို့ ‘‘သီတင်းကျွတ်လ’’ဟု ခေါ်ဝေါ်သုံးစွဲလာခဲ့ကြခြင်းဖြစ်လေသည်။ တူရာသီ သီတင်းကျွတ်လတွင် မင်းနှင့်တစ်ကွ ပြည်သူတို့မှာ ဆီမီးပွဲတော်က်ု တစ်ခဲနက် နွဲပျော်ကြ၏။
လူအလုံးစုံပျော်ရွှင်ပုံကား အဖုံဖုံပင်ဖြစ်တော့သည်။ လုပ်သားပြည်သူလူအများသာ နှောင်ကြိုးမဲ့ပျော်အားနိုင်ကြပေမဲ့ ရဟန်းတော်တို့သီတင်းကျွတ်ကြရသည်မှာ လူတို့ကဲ့သို့ မဟုတ်ပေ ပြည်သူပြည်သားလူအများကဲ့သို့ လွတ်လွတ်ကျွတ်ကျွတ် ‘‘ကျွတ်’’ ၍မရနိုင်သေးပေ။ ရဟန်းသံဃာတို့ထုံးတမ်းစဉ်လာအရ ‘‘ပဝါရဏာ’’ပြုပြီးမှ ‘‘ကျွတ်’’ ကြရမှာဖြစ်လေသည်။ ပဝါရဏာဟူသည် ဖိတ်ကြားခြင်းဖြစ်၏။ ရဟန်းတို့၏ သီတင်းကို ပဝါရဏာပြုခြင်းဖြင့် ‘‘ ကျွတ်လွတ်စေကြရလေသည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် မင်္ဂလာကျက်သရေအမွန်ကျောင်း ‘‘ဇေတဝန်’’
တွင်သီတင်းသုံးနေတော်မူချိန် ကောသလတိုင်း ဇနပုဒ်၌ဝါဆိုကြသော ရဟန်းတော်တို့သည် ကွဲလွဲဆန့်ကျင်ခြင်း သဘောထား အလျဉ်းမရှိပါဘဲ ညီညွတ်ချမ်းသာစွာနေထိုင်ကြပြီး အချင်းချင်းစကားမျှပင်မပြောကြဘဲ ကျင့်ဆောင်ဖွယ်ရာအဖြာဖြာတို့အားကိုယ်စီကျင့်
ကြံကျင့်ဆောင် နေကြလေသည်။ ဝါတွင်းသုံးလကာလ လွန်မြောက်၍ဝါမှထကုန်ကြသည်ရှိ သော် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုရန် ဇေတဝန်ကျောင်းတော်ကြီးသို့ လာရောက်ခဲ့ကြ လေသည်။မြတ်စွာဘုရားက….
‘‘ချစ်သားရဟန်းတို့ ကျမ်းမာကြ၏လော ၊ မျှတကြ၏လော ၊ တစ်ညီတစ်ညွတ်တည်း ဝမ်းမြောက်ဝမ်းသာအေးချမ်းစွာ ‘‘ဝါ’’..ကပ်ခဲ့ကြကုန်၏လော၊ ဆွမ်းအတွက်ရောပင်ပန်းမှုရှိခဲ့ကြ ပါသလော’’ ဟုမေးတော်မူရာ ရဟန်းတို့က
‘‘မြတ်စွာဘုရား.. တပည့်တော်တို့ ကျမ်းမာကြပါသည် ၊ မျှတကြပါသည်။ တစ်ညီတစ်ညွတ်တည်း ဝမ်းမြောက်ဝမ်းသာခြင်း ငြင်းခုံခြင်းအလျဉ်းမရှိ၊ ဝါကပ်ခဲ့ကြပါသည် အရှင်ဘုရား၊ ဆွမ်းအတွက်လည်းပင်ပန်းမှု တစိုးတစိမှ မရှိခဲ့ကြပါဘုရား’’ဟုပြန်ကြားလျောက် ထားကြလေသည်။
‘‘ချစ်သားရဟန်းတို့ ၊ သင်တို့သည် အဘယ်သို့ပုံဖြင့် ညီညွတ်ဝမ်းမြောက်၊ညင်းခုံခြင်း အလျဉ်းမရှိ၊ချမ်းသာစွာဖြင့် ဝါတွင်းသုံးလပတ်လုံး နေဘိကြသနည်း’’
‘‘မြတ်စွာဘုရား၊တပည့်တော်တို့သည် ဝါတွင်းသုံးလပတ်လုံး အချင်းချင်း စကားမပြောဘဲ နေကြပါသည်အရှင်ဘုရား’’
‘‘ရဟန်းတို့ အသိဉာဏ်နုံနဲ့ညံ့ဖြင်းသော ယောက်ျားတို့သည် မချမ်းသာဘဲ နေကြရကုန် လျက်၊ နွားတို့၏နေခြင်းကဲ့သို့ နေကြရကုန်လျက်၊ ဆိတ်တို့၏နေခြင်းကဲ့သို့ နေကြရကုန်လျက်၊ ရန်သူတို့၏နေခြင်းကဲ့သို့ နေကြရကုန်လျက်၊ ချမ်းသာစွာနေကြရကုန်၏ဟု ဝန်ခံပြောဆိုတတ် ကြ၏။ ငါ၏ချစ်သားရဟန်းတို့သည် အဘယ်ကြောင့်လူဖြင်းလူညံ့တို့ကဲ့သို့ တိတ္ထိတို့သာ ဆောက်တည်သော ‘‘သူအ’’ တို့ကဲ့သို့စကားမျှမဆိုသောအကျင့်ကို ဆောက်တည်ကြပါကုန် သနည်း။ သင်တို့အနေဖြင့် ဤအကျင့်အားမဆောက်တည်အပ်ကြကုန် ၊ ဆောက်တည်သော ရဟန်းတို့သည် ဒုက္ကဍ်အာပတ်သင့်၏’’
မြတ်စွာဘုရားသည် ရဟန်းတို့အား ကဲ့ရဲ့ပြစ်တင်တော်မူပြီးသိက္ခာပုဒ် ပညတ်တော်မူ လေသည်။ ‘‘ဝါမှထသောရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ၊ သုံးပါးသောအကြောင်းတို့ဖြင့် ဖိတ်ကြားခြင်းဧ[ (ပဝါရဏာပြုခြင်း)ဌာခွင့်ပြု၏။ ထိုသို့ ဖိတ်ကြားခြင်း]သည် သင်တို့အတွက် အချင်းချင်းလိုက်လျောခြင်း ၊ အာပတ်မှထမြောက် စေခြင်း ၊ ဝိနည်းကို ရှေးရှုခြင်း ဖြစ်လတ္တံ့’’
ဟုပဝါရဏာကိုခွင့်ပြုတော်မူလေသည်။ ထို့ကြောင့် ရဟန်းတို့သည်သီတင်းကျွတ် လပြည့်သောအခါ တညီတညွတ်တည်းစည်းဝေးကြပြီး ထေရ်စဉ်ဝါအလိုက်…
‘‘အရှင်တို့၊ သံဃာကိုဖိတ်ကြားပါ၏ ၊ မြင်၍ဖြစ်စေ ၊ ကြား၍ဖြစ်စေ၊ ယုံမှားဖြစ်စေ အရှင်တို့သည် အကျွန်ုပ်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကြပါကုန်လော၊ မြင်သည်ရှိသော်ကုစားပါအံ့။’’
ဟုပဝါရဏာပြုကြလေသည်။ ဤသို့ဖြင့်ရဟန်းသံဃာတို့သည်ပဝါရဥာပြုခြင်းဖြင့် သီတင်းကျွတ်မြဲအစဉ်အလာဖြစ်လာခဲ့ရလေသည်။
မကုလတောင်၌ ဆဋ္ဌမဝါဆိုတော်မူခဲ့သောမြတ်စွာဘုရားသည် သတ္တမဝါကို
တာဝတိံသာနတ်ပြည်တွင်ဆိုတော်မူခဲ့၏။ ဘဝတစ်ပါးကမယ်တော်ဖြစ်ခဲ့ဖူးသော ‘‘သန္တုဿိတ’’နတ်သားအားအမှူးထား၍ စုဝေးရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာ အပေါင်းတို့အား ဝါတွင်း သုံးလပတ်လုံး ‘‘အဘိဓမ္မာတရား’’ဟောကြားတော်မူလေသည်။ တရားဟောပြီး၍ ဝါကျွတ်ချိန်လူ့ပြည်သို့ပြန်အကြွတွင် သိကြားမင်းဖန်ဆင်းတော်မူသည့် စောင်းတန်း သုံးသွယ်အနက် အလယ်ဗဟိုဖြစ်သည့် ပတ္တမြားစောင်းတန်းမှ နတ်ဗြဟ္မာအပေါင်းခြံရံလျက် လူ့ပြည်(သင်္ကဿနဂိုရ်ပြည်)သို့ ဆင်းသက်တော်မုလေသည်။ ထိုအခါမင်းနှင့်တစ်ကွ ပြည်သူပြည်သားတို့က ဆီမီးတန်ဆောင်ညှိထောင်ထွန်းလင်းကာ သောင်းသောင်းဖြဖြ ပြည့်ပြည့်ဝဝကြီး ကြိုဆိုကြလေသည်။ သုံးကျိတ်သုံးပါးသော သိကြားမင်း တို့သည် ရွှေတံခွန်၊ငွေတံခွန်၊ပုလဲတံခွန်တို့ကို ဆွဲကိုင်ကြကုန်လျက်၊ အချို့ကား ‘‘ဝိဇယုတ္တရ’’ မည်သောခရုသင်းကိုမှုတ်ကုန်လျက်၊ ပဉ္စသိင်္ခနတ်သားသည် ဥသျှောင်ငါးခုရှိသော မကိုဋ်ကိုဆောင်းကာ ‘‘ဗေလုဝ’’မညသောနတ်စောင်းကို မငြီးငွေ့ဖွယ်တီးခတ်ပူဇော်လျက်၊ မာတလိနတ်သားကား စာမရီားမြိးယတ်အား တလွှဲလွှဲရမ်းခါလျက် လည်းကောင်း၊ ဗြဟ္မာမင်းကြီးတို့သည် ရွှေထီးငွေထီး၊သန္တာထီးတို့ဖြင့် အသီးသီးမိုးကာလျက်လည်းကောင်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်းတို့မှ အသီးသီးဆင်းသက်ကြကုန်၏။
ရှေးဘုရားအစဉ်အဆက်တို့စွန့်ခွာမြဲမဟုတ်သော ‘‘အဝိဇဟိတ’’ဌာနဖြစ်သော သင်္ကဿနဂိုရ်ပြည်ထောင်တံခါးဝတွင်မြတ်စွာဘုရား ရပ်တော်မူလျှင် လက်ျာရံ ရှင်သာရိပုတ္တရာ နှင့် တပည့်သံဃာတို့လာရောက်၍ ဘုရားသခင်အားခြေတော်ဦးတိုက်ရှိခိုး ပူဇော်ကြ၏။ ရှင်သာရိပုတ္တရာက…
‘‘လူနတ်အပေါင်းတို့၏ အမြင်အရသာအားရှုဖွယ်ရာဟူသမျှထက် အဆအရာ ထောင်သောင်းမကသော မြတ်စွာဘုရား၏ သီရိအသရေတော်ကို ဖူးမြော်ကြည်ညိုကြရပေပြီ။ တပည့်တော်တို့သည်လူ့ဘဝ အရတော်လှပေသည်၊ အရှင်ဘုရားအားနတ်ဗြဟ္မာတို့က လွန်စွာချစ်မြတ်နိုးကြပေသည်ဘုရား’’
ဟုလျှောက်ကြားသည်တွင်မြတ်စွာဘုရားက
‘‘ဈာန်၌လေ့လာခြင်းရှိကုန်သော၊ နိဗ္ဗာန်၌မွေ့လျော်ကြကုန်သော အမြဲမပျက်သတိရှိကြ ကုန်သောဘုရားသခင်တို့အား နတ်ဗြဟ္မာတို့ချစ်မြတ်နိုးကြကုန်၏’’
ဟုမိန့်ဆိုမြွက်ကြားရင်း ‘‘ယေဈာနပဿုတောခီရာ၊နေက္ခမ္မူပသမေရတာ၊ဒေဝါပိ တေသံ ပိဟယန္တိ၊သမ္ဗုဒ္ဓါနံ သတီမတံ’’ ဂါထာတော်ကိုဟောကြားတော်မူရာ တစ်ကုဋေအတိုင်းအတာ ပမာဏရှိသည့် လူနတ်ဗြဟ္မာသတ္တဝါတို့ တရားအမြိုက်အရသာမြတ်ကို အထပ်ထပ် သောက်သုံးခွင့်ရရှိသွားခဲ့ကြလေသည်။ ဘုရားသခင်သည် နီလ၊ ပီတ အစရှိသည့် ရောင်ခြည်တော်ခြောက်သွယ်ကို အတောင်ရှစ်ဆယ်စီရှိကုန်သော ထက်ဝန်းကျင်ဌာနတို့ သို့ တစ်ပြိုင်နက်တည်း ထွန်းလင်းတောက်ပစေလိုက်ရာ ရှုမရဲလွန်ကဲ အထူးထင်ပေါ်မြတ်ဘုရား ရှင်၏ အသရေတော်ကို နှစ်ထောင်းအားရ၊ နှစ်မြို့ကြလွန်းလှ၍ သုံးဆယ့်ခြောက်ယူဇနာပြည့်ရှိ သော လူထုပရိတ်သတ်သည် အကျွင်းမဲ့ ဘုရားဆုပန်ကြသူချည်းသာဖြစ်ကုန်ကြလေသည်။
‘‘အဘိဓမ္မာ’’ဟူသည် ပါဠိဘာသာဖြစ်၍ ‘‘ထူးမြတ်လွန်ကဲသောတရားဟု’’ အနက်ဖွင့် အဓိပ္ပါယ်ဖော်ပြကြလေသည်။ သုတ်၊ဝိနည်းတို့ထက် ပိုမိုထူးမြတ်သောတရားဟုလည်း သတ်မှတ်ကြလေသည်။ ထူးခြားသည်မှာ တစ်ပြိုင်နက်တည်းသုံးစွဲဟောသော တရားတော်ဖြစ်သည့် ၊ တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာများအား ဘုရားရှင်ကိုယ်တော် တိုင်နှင့်နိမ္မိတ(ဖန်ဆင်း)ဘုရားရှင် တစ်လှည့်ဖြင့် အကျယ်နည်းဖြင့်လည်းကောင်း၊ စန္ဒကူးတော ဌာနတွင် ဘုရားရှင်ကိုယ်တော်တိုင် ရှင်သာရိပုတ္တရာတစ်ပါးတည်းကိုသာ အကျဉ်းနည်းဖြင့် လည်းကောင်း ။ သာဝတ္ထိပြည်၊ဇေတဝန်ကျောင်းတော်၌ လင်းနို့သား ငါးရာဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား ရှင်သာရိပုတ္တရာကမကျဉ်းမကျယ်နည်းဖြင့်လည်းကောင်း ။
ဟောကြားခဲ့သောတစ်ချိန်တည်းတစ်ပြိုင်နက်တည်း ဟောကြားခဲ့သည့် သုံးပွဲဟောကြားခဲ့သည့်တရားထူးတရားမြတ်တစ်ရပ်ဖြစ်သည်ဟု အမှတ်စကားရှိ ခဲ့လေသည်။ ဘုရားရှင်သည် နတ်ပြည်တွင်ဝါကပ်သော်လည်း လူ့ပြည်ဆွမ်းခံချိန် ၊ ဆွမ်းစားချိန်တို့တွင် (နိမ္မိတ)ဘုရားဖန်ဆင်းထားခဲ့၍ လူ့ပြည်တွင်ကြွလှမ်းပြုဖွယ်အသွယ်သွယ် တို့ကိုပုံမှန်ဆောင် ရွက်နိုင်ခဲ့ပေသည်။
ဓမ္မတရားတော်များမြတ်ဆိုင်ရာ အဘိဓမ္မာနေ့ အဖြစ်လည်းကောင်း၊ ဘုရားရှင်၏ တပည့်သားသာဝက၊သံဃာတော်များ ပဝါရဏာဆင်နွဲကြသည့် သံဃာတော်နေ့အဖြစ် လည်းကောင်း ၊ ဘုရားဆုပန်နေ့အဖြစ်လည်းကောင်း ၊ ဘုရားရှင်နတ်ပြည်မှလူ့ပြည်သို့ဆင်း သက်တော်မူချိန်တွင်ဆီမီးထွန်းညှိပူဇော်သောနေ့အဖြစ်လည်းကောင်း ထိုထိုသောအကြောင်း ခြင်းရာစုံတို့စုဝေးဆုံဆည်းရာ သီတင်းကျွတ်လပြည့်နေ့ကို မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် နေ့ထူးနေ့မြတ်ကြီးတစ်နေ့အဖြစ် အထွတ်အမြတ်ထားလာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ပါသည်။
(ယမုံသက်လယ်)
No comments:
Post a Comment