PhotobucketPhotobucketPhotobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, April 3, 2012

လေ့လာမိသော .... သင်္ကြန်အကြောင်း ( မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။)


သင်္ကြန် ....အော် သင်္ကြန် ......နှစ်အကူး ရွှင်မြူးလေတဲ့ သကြန် တဲ့.....
သီချင်းတွေလဲ ကြားဘူးပါရဲ့ ......သင်္ကြန်တွေမှာလဲ ပျော်ခဲ့ဘူးပါရဲ့...ဒါပေမဲ့ သူများက ‘သင်္ကြန်’ပြောလို့ ပြောနေရတယ်။တကယ်တော့ သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့တာ အမှန်ပါ။ ငယ်ရွယ်သူတွေက သိလိုရေး နှင့် ဖွင့်မေးလာသည့် အခါမှာတောင်မှ ဖြေစရာ မရှိခဲ့ချေ.. ဒါနဲ့ပဲ စာပေမှာ ဖွေရှာလေ့လာ ကြည့်မိသောအခါ သင်္ကြန်ဆိုတာကို ဒီလို နားလည်ခဲ့ရပါတော့တယ် ။
သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေအားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။"ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ"သင်္ကန္တ"၊ သက္က တဘာသာ"သင်္ကြန္တ"တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါ၏ ။
သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့ သင်္ကြန်၊ ထိုင်းတို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်ကူးပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်
သင်္ကြန်အကျဉ်း ဆိုလိုရင်း

အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။
သင်္ကြန် အကျယ် သိမှတ်ဖွယ်
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ် ။ ဒါကြောင့် အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ် ။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့
အဿဝနီ နက္ခတ် ပထမပတ်သို့ စတင် ၀င်ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည် ၀င်ရောက်စအချိန်ကိုရာသီတခုမှ ရာသီတခုသို့ ကူးပြောင်း သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။
စူဠ မဟာ သင်္ကြန်အခါ
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ ကြိမ်၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်

ဒါပေမဲ့ ယင်းကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်" တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။
ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ် ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်"ဟုလည်းကောင်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟုလည်းကောင်း အလေး အမြတ်ပြု မှတ်သားလျက် သင်္ကြန်ပွဲတော် ဆင်နွှဲ ကျင်းပ ကြပါတယ် ။

ထို့ကြောင့် ဧပြီလအစပိုင်း သို့မဟုတ်အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အနောက်နိုင်ငံ များနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ ဖြစ်သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ်



သင်္ကြန် ကြို..အကျ ...အယူ အဆ
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။ သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆိုသော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။




သင်္ကြန်ကျရက် ဤသို့တွက်

အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်အတက်ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ပင် ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။

သင်္ကြန်ပုံပြင် ဖတ်လိုလျှင်

တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။
ထို့နောက် ရှုံးတဲ့သူ က ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။
ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။
ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်းမှာ စဉ်းစားမိသည်မှာ......။ မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။
ထို နတ်သမီးတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့
မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။
မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။
အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက် မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင် သတ်စေခဲ့ပါတယ် ။သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ
ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော် ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
ရုဒံ- ငိုကြွေးခြင်းကိုသော်လည်းကောင်း၊ မေထုနဉ္စ-မေထုံမှီဝဲခြင်းကိုသော် လည်းကောင်း၊ မံသံ -ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော်လည်းကောင်း၊ သူရ-သေရည်သေရက်သောက်ခြင်း ကို သော်လည်းကောင်း၊ကောဓောစ -အမျက်ထွက်ခြင်းကိုသော်လည်း ကောင်း၊ ရုဓံ- သွေးထုတ်ခြင်းကို သော်လည်းကောင်း၊ တေလိကံ- ဆေးဆီလိမ်းခြင်းကိုသော်လည်း ကောင်း၊ နကေရ-မပြုရာ၊ မရောင်း အပ်။ဣမာနိဒသ ကမ္မာနိ- ဤသို့ ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ -သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။ မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။

(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။

(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်

ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင် မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်သားရပါတယ်
ဒါကြောင့် ပျို့ကဗျာတွေမှာ ”မင်္ဂလာစကား၊လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊လူလိုစင် ထား၊မြင်းမိုရ်ဖျားဝယ်၊ သိကြားသော် မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန် အလိုတည်း” အဲသလိုစပ်ဆို ထားခဲ့ ပါတယ်။
သင်္ကြန်အတွင်းမှာ မကောင်းသော အပြု အမူ အပြောအဆို အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။
သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို သုံးစွဲ နေတာကို တွေ့ရပါမယ် ။

"အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် "အန္တ-အဆုံး End"ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။

ယင်းအလို အားဖြင့် "အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်

အတာရက်ကို ဤသို့ဆို

"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။

ဒါကိုပင် အတာစားသည် ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။ "အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထားတာတွေ လေ့လာ ဖတ်ရှု့ရပါတယ်
အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည် "အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည် ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..
အတာအိုး အတာပန်း .....
အတာအိုးကို သင်္ကြန်ကို စောင့်ကြို သည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင် ရသည်။

(၇) ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ် စေ ရေပြည့်အိုးမှာ ထည့်ကြလေ့ ရှိပါတယ် ။

စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ် .။

ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ် ။ သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။

ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။

အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။

သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။

(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)

သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂလာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ကြပါတယ် ။



ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်

"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။ ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်းသို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊ လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။

တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုးတို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။ သတသဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"

ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင် သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်
နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်း လဲ ခြင်းလို့ နားလည်ခဲ့ရပါပီ .. ဒီ ပြောင်းလဲ ခြင်းဟာ ဘယ်တော့မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင် ကျင်လည်ခဲ့ရအုံးမယ်ဆိုရင်ဖြင့် နိမ့်တုံတခါ မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော်ရုံနဲ့ အဆုံးမသတ်နိုင်တော့ဘူးလို့ တွေးမိပါတယ်....
လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွားတတ်ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကိုသိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကို သာ မိမိနဲ့ တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်
ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့ တစ်နေရာတည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ ..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည် စသည် ဖြင့် ပြောင်းရွှေ့ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ အထိ ပြောင်းရွှေ့ရအုံးမယ်..
သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား ...တန်ဖိုးကြီးပြီး မြင့်မြတ်သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား
ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်ကောင်းမှု့တွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်တွေကို နှစ်ခဲ့ ကြပါစို့လား ...နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ
မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)
၀၄-၀၃-၂၀၁၂

Tuesday, October 11, 2011

ဝါကျွတ်ပွဲအမှီလက်ဆောင်


ငရဲ တံခါး ပိတ်ပါစို့
ကလေးဘဝ ကတည်းက နားရည် ဝခဲ့တဲ့ စကားလေး
          ဗုဒ္ဓဘာသာဝင် တို့ရဲ့ အသိုင်းအဝိုင်းမှာ အမြဲကြားရတတ်တာက ငရဲ မှာ အပ ဝဋ်မှာ အမြဲ ...တဲ့ ၊ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေး တစ်ခု ပါ ၊ ဘာကို ဘယ်လို ဆိုလိုသည်ကိုတော့ တကယ်ရေရေလည်လည် မသိခဲ့ ၊  မကောင်းတာ၊ မဟုတ်တာ လုပ်ရင် ငရဲ ကြီးမယ် ၊ ဝဋ်လိုက်လိမ့်မယ်လို့ လူကြိး ၊မိဘ ၊ဆရာ သမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေးတွေ ဖြစ်မယ်လို့ ထင်ပါတယ် ၊
                                     ငရဲ ကြီးတယ်ဆိုတာ  ဘယ်လိုပါလိမ့် ?
           အတွေးအခေါ် ဗဟုသုတ မကြွယ်ဝသေးသည့် ကလေးဘဝကို လွန်မြောက်လို့ အရွယ်လေးရောက် လာတော့ ငရဲ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို အနည်းငယ် သိနားလည်စ ပြုခဲ့ပါတယ် ။ ဗုဒ္ဓ စာပေများ သင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲ ဆင်းရဲဒုက္ခ ခံစားနေရသော ဘုံ ဋ္ဌာနကို ငရဲ ဘုံလို့ ခေါ်ပြီး အဲဒီလိုဘုံဘဝမှာ အမြဲ ဆင်းရဲခြင်း နှင့် ဒုက္ခ အတိပြည့်နေ ခံစားနေရသူကို ငရဲ သား လို့ ခေါ်တယ်ဆိုတာ နားလည် သိရှိ သဘောပေါက်ခဲ့ပါတယ် ၊ ငရဲ ပြည်မှာ ငရဲ ခံရတယ်၊ ငရဲကြီးတယ်ဆိုတာကို  ဘယ်လို ဟုတော့ နားမလည်ခဲ့ပေမည့် ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းတစ်လျှောက်က ကိုယ့်ပတ်ဝန်းကျင် လူနေမှု ရှုခင်းကို လေ့လာ ခံစားကြည့်ပြီးတော့ အနည်းငယ် သဘောပေါက်သလိုပါပဲ ။
                                အသက်ရှင်လျှက် ..ငရဲ ကျသူ
          စာရေးသူရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ လူနေအိမ်များလည်း ကပ်လို့ တည်နေကြပါတယ် ၊ နေဝင်မိုးချုပ် ပြီဆိုရင်  ဆဲ သံ ဆိုသံ တွေနဲ့အတူ ရိုက်နှက်သံ ၊ ငိုကျွေးသံတွေဟာ မကြားချင်အဆုံးပါပဲ ။ စားဝတ်နေရေး မပြေလည်လို့ကတစ်မျိုး ၊ လင်မယားချင်းရန်ဖြစ် ရိုက်နှက်ကြလို့ တစ်သွယ် ၊ မွေးထားတဲ့ ကလေးငယ်တွေက ထမင်းဆာလို့ က တစ်မျိုး နဲ့ တော်တော်ဆိုးခဲ့ပါတယ် ၊  ခုအခါ ပြန်တွေးမိတော့မှ သူတို့ဟာလဲ အသက်ရှင်လျှက်နဲ့ ငရဲ ခံနေရသလို ဖြစ်နေကြောင်း သဘောပေါက်ခဲ့တယ် ။
          အိန္ဒိယ နိုင်ငံရဲ့ မြို့တော်ကြီးတွေ အသီးသီးကို လေ့လာရေး ရောက်ခဲ့တဲ့အခါ လမ်းဘေးမှာ နေထိုင်သူ အများစုကို တွေ့ခဲ့ရဘူးပါတယ် ၊ တစ်နေရာတည်းမှာပဲ ကလေး လူကြီး စုစည်းနေပြီး ဆင်းဆင်းရဲရဲ နေကြရ ထိုင်ကြရပါတယ် ၊ အဲဒီလို လမ်းဘေးနေ လူတန်းစားကိုတွေ့မြင်ရတဲ့ အခါမှာလဲ နောက်ဘဝခံရမည့် ငရဲထက် လူ့ပြည်တွင် အသက်ရှင်လျက်နဲ့ ငတ်ပြတ်ဆင်းရဲ နေရခြင်းကိုလဲ ငရဲ လို့ ပြောနိုင်မလား တွေးခဲ့မိပြန်ပါတယ်။
          မလေးရှား နေစဉ်ကာလတုန်းကလည်း ရာဝမ်း အရပ်ဘက်ရှိမြန်မာနိုင်ငံသား ဆေးရုံဆင်း လူနာတွေကို လက်ခံ ပြုစု စောင့်ရှောက်ထားရာ ပြန်လည်ထူထောင်ရေးစခန်း တစ်ခုကို သွားရောက် လှူဒါန်းခဲ့ဘူးပါတယ် ။       အဲဒီနေရာမှာ ရောဂါအမျိုးမျိုးနဲ့ ခွဲစိတ်ကုသ ခံယူထားသူတွေ၊ အဖြစ်အပျက် မျိုးစုံနဲ့ ခြေပြတ် လက်ပြတ်တွေ ဖြစ်ပြီး ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ များစွာကို တွေ့ခဲ့ရပါတယ် ၊ ကလေးမလေး တစ်ယောက်ဆို  မစင်သွားဖို့နေရာ မပါခဲ့လို့ ဗိုက်ကနေ ခွဲပြီး ပိုက်ထုတ်ထားရသည်ကို တွေ့သိခဲ့ရဘူးပါတယ် ၊
          ဒါတွေအပြင် မိမိတို့ ပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များစွာကြောင့် သောကတွေပူနေရ ၊ ပရိဒေဝမိးတွေ တောက်လောင်နေကြရတာတွေ ၊ ကိုယ်အင်္ဂါချို့တဲ့ပြီး  လူစဉ်မမှီ သူတွေ ၊ စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေ အမြောက်အများကိုလဲ တွေ့မြင် ကြားသိ နေပေရတဲ့အခါ ဒါသည်ပင်လျှင် အသက်ရှင်လျှက် ငရဲ ကျနေသူ များလို့ ခံစားနားလည်မိလိုက်ပါတယ် ။
ကိုယ်ပြုသည့်ကံ ...ကိုယ်သာ ခံ
          ဆင်းရဲ နွမ်းပါးသော တဲအိမ်အတွင်းမှ အဘိုးအိုသည် မိမိကိုယ်ကို မိမိ အပြစ်တင်ခြင်းမှ တပါး အခြား လုပ်ဆောင်ဖွယ်ရာ မရှိဖြစ်ပါလိမ့်မယ်  ။ အိန္ဒိယ စကားပုံ တစ်ခုမှာ ဖတ်ဖူးတာကတော့  ည ဘက်မှာ အိမ်မက် ကောင်းကောင်း မက်အောင် နေ့ခင်းဘက်မှာ အလုပ်များကို လုပ်ဆောင်ပါ တဲ့ ။ မြန်မာစကားပုံမှာတော့ နေပူတုန်း ကောက်ရိုးလှန်း၊ မိုးရွာတုန်း ရေခံ ၊ လသာတုန်း ဗိုင်းငင် စသည်ဖြင့် ရှေးလူကြီးတွေ ဆိုရိုးစကား ထားခဲသည်ကို ဖတ်ရှုရဖူးပါတယ်၊ အသက်ကြီးသော အခါ ကြွယ်ဝ ချမ်းသာ သောကကင်းဖို့ ဆိုရင် ငယ်စဉ်ကတည်းက ကြိုးစားအလုပ် လုပ်ဖို့ လိုတယ်ဆိုတာကို ပညာပေးချင်တာလို့ နားလည်ခဲ့မိပါတယ် ။
          လူမိုက်နဲ့ ပညာရှိ ၊  လူချမ်းသာနဲ့ လူဆင်းရဲ တို့ရဲ့ ဘဝလမ်းခွဲဟာ ကျောင်းဝင်းထဲမှာ ရှိပါတယ် ၊ ကျောင်းနေပျော်၍စာတော်အောင် ကြိုးစားခဲ့သူများ အနေဖြင့် ပညာတတ်မယ် ရာထူး ဂုဏ်ရှိန် စည်းစိမ်ကြီးလို့ ကောင်းသည်ထက် ကောင်းအောင် လှူနိုင် တန်းနိုင် အများအကျိုး ဆောင်နိုင်ခါ ဘဝအဆင့် မြင့်သည်ထက် မြင့်ကြရပေမဲ့ ငယ်စဉ်က ပျင်းအားကြီး စာမကြိုးစားပဲ အဖေါ်မက်ပြီး အပျော်အပျက်ဘက်အတွက် အချိန်ကုန်များခဲ့မယ် ဆိုရင် တော့ ပညာမဲ့ဖြစ်မယ် ဆင်းရဲမယ် လူတောမတိုး လူရာမဝင်တာမျိုးကို ဆိုလိုတာလို့ အတွေးချဲ့ နားလည်မိပါတယ် ။    တစ်ချို့ကျတော့လဲ ငယ်ငယ်ကတော့ လိမ်မာ ရိုးသား ကြိုးစားခဲ့ကြပါရဲ့.. အရွယ်လေး ရောက်လာတာ နဲ့အမျှ စိတ်ကစားမှုတွေနဲ့ အတူ မကောင်းသူများ၏ အမူအကျင့်ကိုမှ အမြင့်ထင်ပြီး အတုယူလွဲမှားကြလို့ ပျက်စီးနေကြသူတွေလဲ မနဲ ပါဘူး ၊    ထိုကဲ့သို့သူတွေရဲ့  ဆင်းရဲ ကြမ်းတမ်းသော လောကဓံတွေနဲ့ သာ ဆုံဆည်းပြီး ပူပင် သောက ဗျာပါဒတွေနဲ့ အသက်ရှင်လျှက် ငရဲ ခံနေကြရခြင်းဟာလဲ အရင်းစစ်တော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံ ရတာလို့ ပဲ ဆိုချင်မိပါတော့တယ်။
                                      ငရဲ နဲ့ ခြောက်  မကြောက်ကြဘူး
          အမြဲတမ်း ဆင်းရဲ ဒုက္ခနဲ့သာ ခံစားရနေတဲ့ ငရဲ  ပြည်ဆိုတာ ခဏတဖြုတ် အလည်တောင်မှ သွားမလည်သင့်တဲ့ နေရာ တစ်ခု ဖြစ်ပါလိမ့်မယ် ။ အကုသိုလ်အမှုနဲ့မှ အကျိုးပေးကောင်းပြီး ချမ်းသာနေသူ အောင်မြင်နေသူ တစ်ချို့ကလဲ ငရဲ လောက်တော့ မကြောက်မယုံ မဖြုံ ကြပြန်ဘူး ၊ အဆိပ်သောက်ရင် သေတတ်တယ်ဆိုတာကို မယုံလို့ လက်တွေ့ စမ်းကြမယ်ဆိုရင်တော့ ဒုက္ခဆိုတာ ရလာဒ် ဖြစ်သွားမှာပဲလို့ ထင်မိတယ် ။ နောက်ဘဝ ခံရမည့် ငရဲ ဆိုတာ ထားလိုက်ပါဦး ၊ ဒီဘဝမှာတင် အဆင်မပြေမှု ဗလပွ နဲ့ ဒုက္ခ တွေ ရောက်ကြရ ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြရနဲ့ အပူတွေများဟာ ပူပြင်းလှပါတယ် ၊။
           အပြင်က ရာသီဥတု ဘယ်လောက်ပူပူ အတွင်းက ကိလေသာ အပူကိုတော့ မမှီပါဘူး ၊ လောဘဇောတက်ပြီး ပူရတာရှိသလို ဒေါသတွေထွက်လို့ ပူရတာလဲ ရှိပါတယ် ၊ သားရှိသောသူ သားကြောင့် ပူရသလို ကားရှိသောသူ ကားကြောင့် ပူနေရတာပါပဲ ။ ပူပြင်းပါတဲ့ ငရဲဆိုတာ ဘယ်လောက် ပူသလဲ မသိပေမယ့် လောကရဲ့ သောက အပူကတော့ ပူပြင်းလှကြောင်း ကိုယ်တွေ့တွေနဲ့ သိခဲ့ရပါပြီ ။
                               ငရဲ ဘာကြောင့် လားရတယ် ?
          ဒီတော့ ငရဲ ဘာကြောင့် လားရသလဲ ဆိုတာ မေးစရာ တွေးစရာ တခုဖြစ်လာပါတယ် ။ အတိုချုံးပြီး ဖြေရရင်တော့ ငရဲ ရောက်ကြောင်း မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို ပြုမိ မှား လို့ ဖြစ်တယ်လို့ ပြောရင် မမှားလောက်ဘူး ထင်ပါရဲ့ ။ အကျယ်ချဲ့ တွေး ကြည့်ရင်ဖြင့်....
                        အပါးလယ် လို့ အပါယ်လားတယ်
          တစ်ချို့သော သူတို့ဟာ စီးပွားရေး လူမှုရေး ဘာသာရေး စသည်ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်သင့်သည် အမှုကိစ္စ များတွင် အပါးခိုနေလေ့ ရှိကြပါတယ်။ ကောင်းမှုကုသိုလ်ပြုရာမှာလဲ ဒီနည်းတူပါပဲ ၊ ကောင်းတာကြံဖို့ ပြောဖို့ လုပ်ဖို့ဆိုရင် ဝန်လေးနေပြီးတော့ သောက်မယ် စားမယ် ပျော်မယ် ပါးမယ် ဆိုရင်ဖြင့် ထိပ်ဆုံးက ကျွန်တော်ဖြစ်နေတတ်ကြပါတယ်။ ဒီလို ကုသိုလ်အပါးမဝပဲ အကုသိုလ်အပါးဝသူတွေဟာ စိတ်ကောင်း နှလုံးကောင်းလဲ မရှိလို့ပဲ ဖြစ်မှာပါ ။ အသင်းအဖွဲ့တွေမှာ နေရာတော့ ဝင်ယူကာ သူတို့နာမည်တော့ ပါဝင်စေလိုပြီး တကယ် လုပ်ဆောင်ဖွယ်ရာ များမှာတော့ အပါးခိုနေကြ ခြင်းဟာလည်း လူပါးဝနေခြင်း တစ်မျိုးလို့ နားလည်မိပါတယ် . သတ္တဝါတွေ ကျင်လည်ရာ သုံးဆယ့်တစ်ဘုံကို အစဉ်အတိုင်း အထက်အောက် စီကြည့်မယ်ဆိုရင် လူ့ပြည် နှင့် အနီးဆုံး အောက်ဘုံဟာ ငရဲ ဘုံ ဖြစ်နေတာကိုတွေ့ နိုင်ပါတယ် ၊ ငရဲ ဆိုတာ  အပါယ်လေးပါးမှာ တစ်ပါး အပါအဝင်ဖြစ်ပါတယ် ။ အဲဒီလို သူတပါးရဲ့ မျက်ခုံးမွေးပေါ်တွင် စင်္ကြံလျှောက်လိုပြီး ကောင်းတဲ့အရာ လုပ်ဖို့တွေမှာတော့ လူပါးဝ အပါးလယ်သူတွေဟာ အပါယ်လားပြီး ငရဲ သွားရတယ်လို့  ကောက်ချက်ချ ရပါလိမ့်မယ်။
                               အမျိုး အမည်ကွဲပြား   ..ငရဲ များ
          တကယ်တော့ ငရဲ ဆိုတဲ့ စကားလုံးဟာ မြန်မာစကားအားဖြင့်မူ င နှင့် ရဲ ပေါင်းထားတဲ့ နှစ်လုံးသော စကားလေးမျှ သာပါပဲ ။ သို့သော်လည်း ဒီငရဲ ဘုံကို ကျစေနိုင်တဲ့ မကောင်းမှု့ ၊အကုသိုလ် ဒုစရိုက် ကွဲပြား ခြားနားသည်နှင့် အမျှ ဆိုးကျိုးခံစားရတာကလဲ ကွဲပြား လေတဲ့ အခါ၊ ဒုစရိုက်သမား လူယုတ်မာ များစွာ အတွက် လားရောက်ရာ ငရဲ ဆိုတာလဲ အမျိုးအမည်အားဖြင့် များစွာကွဲပြားသွားပါတော့တယ် ။
          တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှား ဆိုတာလို မကောင်းတာ ကိုမှ အကောင်းထင်ပြီး လျှင်  မဟုတ်တာကိုမှ အဟုတ်ထင် လုပ်ချင်သည့် ဒုစရိုက်ကောင် ငမိုက်သားတို့မှာလဲ  ငရဲ လားသည့်အခါ မိမိပြုခဲ့သည့် အကုသိုလ်အမှု အကြီးအသေးအလိုက် ထိုက်ထိုက်တန်တန် ခံရပါတော့တယ်၊ ဥပမာအားဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံးလျက်ရှိသော ပြစ်မှုဆိုင်ရာ ဥပဒေများမှာလဲ  ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးရာတွင် အပြစ်ကျူးလွန်သူ၏ အမှု အကြီး အသေးအပေါ် မူတည်ပြီး ပုဒ်မ တပ် အပြစ်ပေး အရေးယူ ပြစ်ဒဏ်ပေးခံရသလို ဖြစ်ပါတယ် ။ ပြစ်မှုကြီးလွန်းရင်လဲ သေဒဏ်ပေး ကြသလို  အကုသိုလ်အပြစ် ဒုစရိုက် အင်အား ကြီးမားလွန်းတော့လဲ အဝိီိစိ  ဆိုတဲ့ ငရဲ မှာပင် ကမ္ဘာအဆက်ဆက် ဒုက္ခ ခံစားရမှာဖြစ်ပါတယ် ။
                                ငရဲ ကြီး..ငယ်          အသွယ်သွယ်
          မဟုတ်တာ အလုပ်များသူတို့ အဟုတ်သွားရမည့် ငရဲ ဘုံဆိုတာဟာလဲ  အကြီးနဲ့ အငယ် နှစ်သွယ် ကွဲပြားပါတယ် ၊ လူသိများတာက ငရဲ ဆိုသည့် စကားလုံးမှာ နှစ်လုံးမျှသာ ဖြစ်ပေမဲ့ ငရဲ ကြီးက (၈)ထပ်တောင် ရှိပြီး  ငရဲ  ငယ်က  လေး ထပ် ရှိပါတယ် ။ ငရဲ ငယ်လေးခုကို အရပ်လေးမျက်နှာဖြင့် မြှောက်ပါက ငရဲ ငယ် ၁၆ ထပ် ရှိလာပြီး ဒါကိုပဲ ငရဲကြီး ရှစ်ထပ်နှင့် ထပ်မံ မြှောက်ပွားပါက ဒုစရိုက်သမားတို့ ခံစားရမဲ့ ငရဲဘုံ အပြားဟာ တစ်ရာကျော်သွား ပါတော့တယ်။
                                         ငရဲ တံခါး   ဖွင့်နေသူများ
          ငရဲ ရောက်နိုင်သည့် အကုသိုလ်ကံတွေအကြောင်းအရာကို လေ့လာကြည့်တဲ့အခါ အများစုသည် သူ့အသက်သတ်ခြင်း စသော ငါးပါးသီလ ကိုယ်ကျင့်တရား ချို့ယွင်းကြလို့ ဖြစ်ပါတယ် ၊ ထို့အပြင် မပြစ်မှားသင့်သော အနန္တော အနန္တ ငါးပါးတို့အား ပြစ်မှား စော်ကားခြင်း ၊ ခင်ပွန်းကြီး ဆယ်ပါးအပေါ်ဝယ် ပြစ်မှားခြင်း စသော အကုသိုလ် ကံတွေကို တွေ့ရပါတယ် ၊ ဒါတွင်မက သိင်္ဂါလောဝါဒသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာခဲ့သည့် ကျင့်ဝတ်အထွေထွေကို မကျေပွန်ရင်လဲ ငရဲ လားနိုင်တာပါပဲ  ၊ ဥပမာအားဖြင့် တာပန ငရဲ ဆိုတာဟာ အဂတိတရား လိုက်စားသူ ၊ လင်ယောကျာ်းကို မထီ မဲ့မြင်  အရေးမထား မလေးမစား လုပ် အနိုင်ကျင့်သူ၊ ဝတ္တရား မကျေပွန်သူတို့ရဲ့  လားရောက်ရမည့် ငရဲ တစ်ခု ဖြစ်ပါတယ် ၊
          သို့ဆိုပါလျှင် သူ့အသက်သတ် ခြင်း စသည်ဖြင့် ကိုယ်ကျင့်တရား ပျက်ပြားနေသူတွေ ၊ လင်ဖြစ်ပါလျှက် လင်ဝတ္တရား မကျေ ၊ မယားဖြစ်ပါလျှက် မယား ဝတ္တရားမကျေ ၊ သားသမီး ဖြစ်ပါလျှက် သားသမီး ဝတ္တရား ကျေပြွန်အောင် မဆောင်ရွက်သူ စသည့် သူများဟာ ငရဲ တံခါးကို ဖွင့်နေသူများလို့ ဆိုလိုက်ချင်ပါတော့တယ် ။
ငရဲ တခါး... ပိတ်စို့ လား
          ငရဲ ဆိုတာဟာ ချမ်းသာကင်းပြီး အမြဲ ဆင်းရဲ ပူလောင်စွာ ခံစားရတဲ့ နေရာ၊ ဘုံလို့ အကျဉ်းအားဖြင့် နားလည်ခဲ့ပြီးတဲ့ နောက်မှာတော့ ငရဲ လားရောက်ရမှာကို ကြောက်လာမိပါတယ် ၊ အဲဒီ ကြောက်စိတ်နဲ့ အတူ ကပ်ပါလာတာကတော့ ငရဲ မရောက်ချင်ရင် ငရဲ ရောက်စေမယ့် မကောင်းမှု့ အကုသိုလ် ဒုစရိုက်တွေ မလုပ်မှ  ဖြစ်မယ်ဆိုတာပါပဲ၊ဒီအပြင် ရှောင်အပ်တဲ့ ဝါရိတ္တသီလ ၊ဆောင်အပ်တဲ့ စာရိတ္တ သီလ လို့ ခေါ်ဆိုရတဲ့ ကိုယ်ကျင့်တရား တွေကိုလဲ မြှင့်တင်ရအုံးမယ် လို့ ကိုယ့်ဘာသာ နားလည်ခဲ့မိပါတယ် ။
          ဒီလိုသာ ကောင်းတာကိုသာ ကြံ ၊ ကောင်းတာတွေသာ ပြော၊ ကောင်းမှု့တွေသာ လုပ်မယ်ဆိုရင်ဖြင့် ဝဋ်မှာအမြဲ ငရဲမှာအပ  လို့ ငယ်ငယ်ကကြားခဲ့ဖူးသည့် စကားအတိုင်းပင်  ငရဲမင်းက ကိုယ့်ကို အပပြု ဖယ်ကြဉ် ပါလိမ့်မယ် ၊ ငရဲ ဆိုတာသည် ကိုယ်အတွက် လားရာ မဟုတ်တော့ပဲ ငရဲ တခါးသည်လည်း ပိတ်နေလိမ့်မယ်လို့ တဆက်တည်း တွေးမိလိုက်ပါတော့တယ် ။
မိဘ ဘိုးဘွား ကန်တော့ ပါစို့
          ကျွန်ုပ်တို့အတွက်  ပူပင်သောက ဗျာပါဒ ကင်း၍ စိတ်အေးချမ်းသာ ကိုယ်ကျန်းမာစွာ လိုရာဆန္ဒ ပြည့်စုံရအောင် ဆိုရင် ငရဲ လားရောက်ကြောင်း မကောင်းမှု့တွေကို အပပြု ရှောင်ကြဉ် ဖို့ အဓိကကျတယ်လို့ တွေးမိပြီးတဲ့အဆုံးမှာတော့ ဓမ္မမိတ်ဆွေ အားလုံးကိုလဲ ငရဲ လားကြောင်း မကောင်းမှု့တွေ ရှိခဲ့ရင်တောင်မှ ပြေလျှော့ရအောင် ၊ ကုသိုလ်တွေတိုးပွားပြီး မကောင်းဘေးများ ရှောင်ရှားရအောင် အနန္တော အနန္တငါးပါး၊ ခင်ပွန်းကြီးဆယ်ပါးတို့ကို ဒီလိုဝါကျွတ်ချိန်ခါမှာ ကန်တော့ကြပါစို့လို့တိုက်တွန်းလိုက်ချင်တာပါ ။ 
           ဒီလို သက်ရွယ်ကြီးမား မိဘ ဘိုးဘွား ဆရာသမားတွေကို ကန်တော့ခြင်းဟာ မိမိအတွက် ကုသိုလ်တွေ တိုးသလို ဘေးဆိုး ကိုလဲ လုံစေ ၊ အပါယ်ဘေးကိုလဲအထိုက်အလျှောက် တားဆီးပေးနိုင်တာပါပဲ ၊ဒါကြောင့် ဓမ္မမိတ်ဆွေများ အားလုံးကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဘေးက လွန်မြောက်နိုင်ပါစေ ဟု ဝါကျွတ်ဆုမွန်ပြုရင်း   ငရဲ တံခါး  ပိတ်ပါစို့လို့  ဆန္ဒပြုလိုက်ရပါတော့တယ် ။
                                                          အရှင်နန္ဒဝံသ(ရမည်းသင်း) ၊ ဇေယျသုခဓမ္မရိပ်သာ ၊ အမာရီလိုမြို့ ၊ တက်ကစက်ပြည်နယ် ၊ အမေရိကန် နိုင်ငံ
         

Thursday, October 6, 2011

ကွက်လပ်လေးတွေ ဖြည့်စေချင်

                                              

                 လိုလို…ချည်းသာ….ဘ၀မှာ   
    ဦနော လောကော ၊ အတိတ္ထော .... စသော ဘုရားဟော ဒေသနာ ကို ကြားနာ မှတ်သားမိဖူးသည်မှာ ကြာပါပီ....ဘာကို ဘယ်လို အတိအကျ ဆိုလိုသည်ကိုတော့ စာရေးသူ တကယ်ပင် ညာဏ်မမှီခဲ့ပါချေ... လောကကြီးအတွင်း မှီတင်းနေကြတဲ့ သူသူငါငါ သတ္တ၀ါတွေဟာ တဏှာ အလိုလိုက်တဏှာ အကြိုက်ဆောင်ရင်း အမိုက်မှောင်မှာ လမ်းလျှောက် နေကြလေ သမျှတော့ လောကကြီးသည် လို လို လို လို နဲ့လိုနေမည့် လောကကြီး ဖြစ်ပါကလား လို့ တော့ ဆရာတော်တွေ ဆုံးမမှုကို နာယူခဲ့ရ ဘူးပါတယ်။ တစ်စ တစ်စ နဲ့ ဘ၀သည်လည်း ပျိုရာမှသည် အိုခြင်းဆီသို့ ..နုရာမှ သည် ရင့်ရော်ခြင်း ဆီသို့ ပြောင်းလို့ လာနေခဲ့တာကို သတိပြုမိချိန်မှာတော့ စာရေးသူ ဘ၀မှာ လိုနေသော အရာ တွေချည်းသာ ဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်ခဲ့ပါပြီ ။ ချမ်းသာဖို့လဲ လိုသလို ကျန်းမာဖို့လဲ လိုနေပြန်တယ်၊ထို့အပြင် ပညာတတ်ဖို့ သုတပြည့်စုံဖို့ ဒါန ပြုနိုင်ဖို့ သီလ စောင့်နိုင်ဖို့ ဘာဝနာပွားနိုင်ဖို့ စသည်ဖြင့် အားလုံး လိုနေသေးတာကိုသိခဲ့ နားလည်ခဲ့ပါပြီ...ဒီလို လိုလို လိုလိုနဲ့ပဲ ဘာမှ မပြည့်စုံ ရသေးခင် သေပွဲဝင်နိုင်တာကိုလဲ၊ စိတ်ထဲတွေးထင်၊ သဘောပေါက်လာခဲ့ပါပီ...။ တကယ်တော့ ဘ၀မှာ သိသလိုလို တတ်သလိုလိုတွေလဲ မနည်းလှချေ။ ထို့အတူပင် ရှိသလိုလို မရှိသလိုလို တွေလဲ အပုံအပင်...တွေ့ဖူးသလိုလို မတွေ့ဖူးသလိုလို တွေလဲ အများသား...တကယ့်ကို အလိုချည်းသာ.....လမ်းပေါ်တွင် လူတစ်ယောက် တွေ့သည်အခါမှာလဲ တွေ့ဖူးသလိုလို ခင်ဖူးသလိုလို... အွန်လိုင်းပေါ်တွင် “ဟိုင်း” လို့ နှုတ်ဆက်လာသည့်အခါမှာလဲ ခင်ဖူးသလိုလို ... သိဖူးသလိုလို .. ဘယ်အရာမှာမဆို ဘာကို ဖြစ်ဖြစ် တိတိပပ သိလှသည်မှာ တခုမှ မရှိလှ ...လိုလိုနဲ့ပင် ဘ၀သည် တ၀က်ဟူသော သက်တန်းကိုပင် ကျော်ခဲ့ပါပြီ ရောလို့ စဉ်းစားမိတဲ့အခါ ရင်ထဲမှာ နာကျင်လာသလိုလိုပင်...
လိုနေသည်မှာ မပြည့်လို့လား 
            ဒီလိုဆိုရင် လိုနေသည်မှာ မပြည့်သေးတဲ့ သဘောလို့ ပြောရတော့မယ်ထင်ပါတယ်..ဟုတ်တယ်လေ၊ ပြည့်နေမှတော့ ဘယ်လိုတော့ပါ့မလဲ ..မပြည့်သေးလို့သာ လိုနေတာပေါ့.... ကုသိုလ် ပညာ ဥစ္စာဘယ်ဟာမှ လိုနေတာ မကောင်းဟု ခံစားမိတယ် ... ပညာလိုတော့ ဥစ္စာရှာရတာ မလွယ်ကူလှ... ဥစ္စာမချမ်းသာပြန်တော့လည်း သမုဒ္ဒရာ ၀မ်းတထွာအတွက် နေ့ထွက်နေ၀င် လုပ်ငန်းခွင်ဝင်နေရတာနဲ့ပဲ ကုသိုလ်ကောင်းမှုဘက်မှာ အားနည်းနေတတ် ပြန်တယ်လို့ခံစား နားလည်မိတယ် ... ဒီတော့ တခုခုလိုနေတာနဲ့ ကျန်တဲ့ အရာတွေအထိလိုက်ပြီး အကျိုးသက်ရောက်မှု ရှိနေတတ်တာကိုလဲ တွေးမိပြန်ရော.. 
     လိုနေတာဟာကွက်လပ်လား 
ငယ်စဉ်ကလေးဘ၀တုန်းက ကျောင်းမှာ စာသင်ရတဲ့အခါ ကွက်လပ်လေးတွေ ဖြည့်ခဲ့ရတာ မှတ်မိနေပါသေးတယ် ၊ဆရာပေးထားတဲ့ စာပိုဒ်ထဲမှာ လိုနေတဲ့စာတွေ၊ ဂဏန်းတွေ ရှာဖွေဖြည့်ရေး ခဲ့ရတယ်လေ၊ ဆရာမက ကွက်လပ်ဖြည့်ကြရအောင် လို့ပြောတဲ့အခါ လိုနေတာကို ရှာဖွေဖြည့်ခိုင်းတာလို့ ကလေးသဘာဝနဲ့ နားလည်ပြီး သင်ဖူးသမျှ ကျက်ထားသမျှတွေကို အထပ်ထပ် ရွတ်ဖတ်ရင်း လိုနေတဲ့ စာတွေ ဂဏန်းတွေဖြည့်ရေးခဲ့ရတယ်.. စာတပိုဒ်မှာ ကွက်လပ်တွေ များလာတာနဲ့အမျှ စဉ်းစားရကျပ်ပီး ဟိုဟာလိုလို ဒီဟာလိုလိုနဲ့အလွဲကိုပင် အမှန်ထင်ဖြည့်မိတာ အမှန်ကိုပင် အမှားထင်လို့ ပြင်.ဖျက်.စွက် ခဲ့မိတာတွေကို ယနေ့အထိတိုင် မမေ့နိုင်သေး ပါဘူး .. 
                         ဒါပေမဲ့ စာတပုဒ်မှာ ရှိသင့်တာ မရှိပဲ ပါသင့်တာ မပါပဲ ပျောက်နေတာ ဖျောက်ထားတာလေး တွေက စာတစ်ကြောင်းလုံးကို အဓိပ္ပါယ်မဲ့စေတယ် ဆိုတာကိုတော့ မတွေးမိခဲ့ဘူးပေါ့ . လိုနေတဲ့ အရာရာများမှတော့ ဒီစာပိုဒ်ဟာ ပြည့်စုံမှု့ မရှိနိုင်တော့သလို ဖတ်သူ လေ့လာသူ အဓိပ္ပါယ်မှန်ကို မရနိုင်တော့လို့ စာကောင်းပေမွန် ဖြစ်မလာနိုင်တော့သသို တန်ဖိုးရှိတဲ့ စာပေ ဖြစ်မလာနိုင် တော့ဘူး ဆိုတာကိုတော့နောက်မှတွေးသိခဲ့ရပါတော့တယ်။ 
ကွက်လပ်များတဲ့ ဘ၀...
                 အဓိပ္ပါယ်မလှ လူ့ဘ၀မှာ လူရယ် လို့ ဖြစ်လာခဲ့ရင် ရှိသင့်ရှိထိုက်တဲ့ ကုသိုလ်၊ ပညာ ၊ဥစ္စာ တော့ ရှိသင့်တယ် ၊ ထို့အတူ အသက်အရွယ်အလိုက် ပြည့်စုံထားသင့်တဲ့ အရာများလဲ ရှိနေတယ်လေ.. ဒါတွေကို ရှိအောင် ပြည့်စုံအောင် မကြိုးစားခဲ့ဘူးဆိုရင် ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ မပြည့်စုံတော့ပဲ ကွက်လပ်တွေ ဖြစ်ပေါ်လာမှာ မလွဲပါဘူး.. ကွက်လပ်တွေ ဖြစ်ပေါ်ပြီဆိုကတည်းက ဒီကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားရတဲ့ အလုပ်တခု ပိုလာတော့မှာဖြစ်သလို နဂိုထက် နှစ်ဆတက်ပြီး လုပ်ရကိုင်ရ ရှာဖွေရလို့ ပင်ပန်းရပါတော့မယ် .. ဒီတော့လဲဘ၀ရဲ့ ချမ်းသာဆိုတာ ဘာမှန်းတောင် မသိလိုက်ရပဲနဲ့ အဓိပ္ပါယ်မလှတဲ့ ဘ၀ပိုင်ရှင်တွေ ဖြစ်ပေါ်လာတော့တာပေါ့.. ဒီလိုဆိုရင် မိမိ ဘ၀ကရော အဓိပ္ပါယ် ဘယ်မျှ ပြည့်ဝ နေပါပီလဲဟု ပုစ္ဆာထုတ်မိပြန် တော့ ရင်ထဲမှာအဖြေမရှိ တဲ့ ပဟေဠိသဖွယ်ပင် ဖြစ်နေပြန်ပါတော့တယ်။
ကွက်လပ်များကိုဖြည့်စေသူ 
                      ကိုယ့်ဘ၀မှာ ကိုယ်ဘာလိုနေတယ်ဆိုတာ ကိုယ်ကိုယ်တိုင်မှာတော့ သိဖို့ခဲယဉ်းပါတယ်။ သူများမျက်ချေးသာမြင်ရပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်ရသလိုပဲပေါ့.. ဒီတော့ ပတ်ဝန်းကျင် ကိုပင် ဆရာတင်ရတော့တယ်၊ မှန်ကြည့်သည့်အခါ ကိုယ့်မျက်နှာရဲ့ သွင်ပြင်ကို အမှန်အတိုင်း သိရနိုင်သလို ပတ်ဝန်းကျင်ရှိ လူနေမှု့ဘ၀တွေနဲ့ကိုယ့်ဘ၀ရဲ့အခြေနေကို နှိုင်းယှဉ်ကြည့်သည့်အခါမှာ လိုနေတာတွေ သိရှိလာရပါတယ် ..ဒီလိုဆိုရင် ပတ်ဝန်းကျင်ဟာ မိမိအတွက်တော့ ကွက်လပ်များကို ဖြည့်စေသူ လို့ခံယူမိပါတယ်။ ထို့အပြင် မိမိအပေါ်တွင် ငယ်စဉ်ကစပြီး တတ်အပ်ပညာများကို သင်ကြားပေးခဲ့ကြသော ဆရာသခင် ကျေးဇူးရှင်တွေဟာ မိမိရဲ့ ဟာကွက်ပျော့ကွက် လိုအပ်ချက်များကို သိရှိလမ်းညွှန် ပေးနေကြပေရာ ဒီဆရာတွေ ပင်လျှင်လဲ ဘ၀ရဲ့ ကွက်လပ်များကို ဖြည့်စေသူတွေလို့ နားလည်မိပါတယ် .. 
                       ဒီအတွေးနဲ့ အတူ ကပ်ပါလာတာ ကတော့ ဒီဆရာတွေ ဒီပတ်ဝန်းကျင်တွေဟာ ကိုယ့်ဘ၀ရဲ့ ဟာကွက်ပျော့ကွက် လိုအပ်ချက်တွေကို ပြုစေ လုပ်စေ ဖြည့်စေတဲ့အတွက် ဘ၀ကို အဓိပ္ပါယ် ဖြည့်ပေးနေသူတွေလို့ပါပဲ။
ကွက်လပ်များကို ဖြည့်ရသူ 
             လိုနေမှု့သည် မပြည့်စုံလို့..မပြည့်စုံခြင်းသည် ကွက်လပ်..ထိုကွက်လပ်သည် ဘ၀ကို အဓိပ္ပါယ်မဲ့စေ နိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့ပါတယ်. ထိုသို့ နားလည် သဘောပေါက်မှု နဲ့အတူ ကိုယ့်ဘ၀ရဲ့လိုအပ်ချက်တွေကို ပြည့်အောင် ဖြည့်ဆီး အားထုတ်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀ကို ရချင်မိတာပါပဲ။ ချမ်းသာဖို့ လိုနေတဲ့ ကိုယ့်ဘ၀ကို ဒါနအမှု့တွေ အားထုတ် ပြုလုပ်ခြင်းဖြင့် ၎င်း၊ ကျန်းမာဖို့လိုနေတဲ့ ကိုယ့်ဘ၀ကို သီလတွေ စောင့်စည်းခြင်းဖြင့်၎င်း၊ အများနည်းတူ တင့်တယ်တဲ့ ဘ၀ မြင့်မြတ်သာယာလှပတဲ့ ဘ၀ကို ရဖို့လိုနေတဲ့ ကိုယ့်ဘ၀ကို ဘာဝနာတွေ ပွားခြင်းဖြည့်၎င်း ဖြည့်သင့် ဖြည့်ထိုက်တယ်လို့တွေးမိလာတယ်..ဒီလို ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကို ဖြည့်ဆည်း အားထုတ်မယ် ဆိုရင် လိုနေတဲ့ ကွက်လပ်တွေ ပြည့်လာပြီး ပြည့်စုံလာတော့မှာ လို့လဲ တွေးမိပြန်တယ် .. ဒီလိုဆိုရင် အဓိပ္ပါယ်ပြည့်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဘ၀ကို သေချာပေါက် ရနိုင်မယ်လို့တွေးပြီး ခုတော့ လိုနေတာတွေ ဖြည့်နေမိပါပီ.. ကွက်လပ် များတဲ့ ဘ၀ကိုလဲ ရွံမုန်းမိပါပီ..လိုနေတဲ့မပြည့်စုံတဲ့ ဘ၀နဲ့ အဓိပ္ပါယ်မဲ့တဲ့ ဘ၀ကို မရချင်တော့ပါဘူး၊ ဒီလိုမရချင်ရင်တော့ ကွက်လပ်များကို ပြည့်အောင် ဖြည့်နိုင်သမျှ မှန်မှန် ဖြည့်ရ တော့မှာပေါ့။ လိုနေတဲ့အဲဒီ ကွက်လပ် ကို ရမ်းဖြည့်လို့တော့ မသင့်ဘူးထင်ပါတယ်... ငယ်စဉ်က ကွက်လပ် အဖြည့်မှားလို့ ဆရာမအရိုက်ခံရ အမှတ်လျှော့ခံသလို ဘ၀ကွက်လပ်တွေကို မှားဖြည့်မိရင်တော့လဲ လောကဓံရဲ့ အထုအထောင်း အရိုက်အနှက် ခံရအုံးမှာပဲ လို့လဲ တဆက်တည်း တွေးမိလိုက်တယ်။ အဲဒီကွက်လပ်တွေကို ဖြည့်ရမှာကလည်း ကာယကံရှင် မိမိကိုယ်တိုင်ပဲလို့ နားလည်လိုက်ပါတော့တယ် ... အဲဒီ အတွေးနဲ့ အတူ လက်ကျန်အချိန်တွေမှာ အဓိပ္ပါယ်ပြည့်တဲ့ဘ၀ကို ရရှိပိုင်ဆိုင်ရအောင် ဘ၀မှာလိုနေခဲ့တဲ့ ကွက်လပ်လေးတွေကို ကြိုးစား ဖြည့်ဆည်း နေတော့မယ် လို့သာ အောက်မေ့လိုက် မိသလို စာဖတ်သူ ဓမ္မမိတ်ဆွေကိုလည်း အဓိပ္ပါယ်ရှိတဲ့ ဘ၀လေးတွေ ကိုယ်စီကိုယ်ငှ ရနိုင်ရအောင် ကိုယ့်မှာ လိုနေတဲ့ ကွက်လပ်လေးတွေကို၊ကိုယ်စီကိုယ်ငှ၊ဖြည့်ဆည်းလိုက်ကြပါစို့လို့၊တိုက်တွန်းလိုက်ရပါတော့တယ်။                 
                                                       ဇေယျသုခ အရှင်နန္ဒ၀ံသ (Amarillo, Texas, USA)

Wednesday, June 1, 2011

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

                                     ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်

အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။

မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ခရစ်နှစ်၂၀၁၁ခုနှစ် ယခုနှစ် ဇူလိုင်လ ၁၅-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ကဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။



                                                 ဓမ္မစကြာတရားဦးဟောကြားနေပုံ
ဝါဆိုလမြတ်
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း၊ သံဃာတော်များ ဝါကပ်သည့်နေ့ အဖြစ်လည်းကောင်း လူသိများကြသည်။

တကယ်တမ်း စီစစ်ကြည့်ပါမူ အထက်ပါ ကျွန်ုပ်တို့ နှုတ်တက်နေသော ကဗျာလင်္ကာအတိုင်း ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ သို့သော်လည်း တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ကိုသာ အဖျားဆွတ် ယူလိုက်ခြင်းဖြစ်သည်။ လူအဖြစ်သို့ မရောက်ရှိဘဲ၊ ဘုရားအဖြစ်သို့ မရရှိဘဲနှင့် ဓမ္မစကြာ တရားတော်ကို ဟောတော်မမူနိုင်။ ထိုကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် (ရလာဒ်ကိုကြည့်) သတ်မှတ်ခြင်းသည် သင့်တော်သော သတ်မှတ်ချက်ဟု ဆိုနိုင်ပါသည်။

ပထမဦးဆုံး ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) တရားတော်ကို ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဟောကြားခြင်း သည်လည်းကောင်း၊ တရားတော်၏ အနှစ်ချုပ်ဖြစ်သော အစွန်း ၂-ပါးလွတ် အလယ်အလတ်လမ်း ကျင့်စဉ်ကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီး ဖြစ်သည်။ သို့သော် ဤတရားဦးမှ ခန္ဓာ ၅-ပါးအကြောင်းနှင့် သစ္စာ ၄-ပါးတို့အကြောင်းကို လူသားတို့အား ပထမဦးဆုံးအဖြစ် ဗုဒ္ဓဂေါတမ တစ်ပါးသည်သာ မိတ်ဆက်ပေးနိုင်ခဲ့သည်ကိုကား လူသိနည်းလှပါသည်။ ဗုဒ္ဓမှတပါး အခြား မည့်သည့်ဆရာကမှ ဤအဆန်တရားတော်ကို ဟောကြားခြင်း မရှိသေး။

ဒုတိယ တရားတော် ဖြစ်သော အနတ္တလက္ခဏသုတ်တွင်လည်း မိမိသည် မရှိ၊ ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ မရှိ၊ ခန္ဓာ ၅-ငါးတို့၏ အစုအဖွဲ့မျှသာဟု ရဲဝံ့စွာ ထုတ်ဖော်ခဲ့ပြန်သည်။ ငါ၊ ငါ ဟူ၍ လူသားတိုင်း လက်ခံထားသည့် အချိန်တွင် “အနတ္တ-ငါမရှိ”ဟု ထုတ်ဖော် ဟောကြားခဲ့ခြင်းသည် အဆန်တရားတော်ကို ဟောကြားခြင်းဖြစ်သကဲ့သို့ လူအကြိုက်ကို မလိုက်၊ အမှန်တရားကိုသာ လက်ကိုင်ထား ဟောကြားသည့် တရားတော်လည်း ဖြစ်သည်။ ထိုကြောင့်လည်း ဗုဒ္ဓ၏ ပထမခြေလှမ်း ဤတရားတော် ၂-ပုဒ်သည် လောကကြီး တစ်ခုလုံးကို ပွက်လောစေခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဦးဆုံး စတင်ကျင့်သုံးရမည့် ပထမခြေလှမ်း အခြေခံတရားတော် တစ်ကွက်ဟုလည်း ဆိုနိုင်သော တရားတော်များ ဖြစ်သည်။

ဝါကပ် သံဃာတော်
သံဃာတော်တိုင်း (ဝါထပ်ပါက ဒုတိယ) ဝါဆိုလပြည့်နေ့တွင် ဝါကပ်တော်မူကြရပါသည်။ ဝါကပ်ခြင်းကို ဝါဆိုခြင်း၊ ဝါဝင်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါကပ်ခြင်း အဓိပ္ပါယ်မှာ ဝါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ် ငါးခုမှ အပ ကျောင်းတိုက်တစ်ခု၏ အရာမ် (ဝင်း) အတွင်းတွင်သာ ညဉ့်အိပ်ညဉ့်နေ သီတင်းသုံး (ကပ်နေရ) ခြင်းကို ဆိုလိုသည်။ ပါဠိဝေါဟာရ “ဝဿံ ဥပေမိ - ကျွန်ုပ် ဝါကပ်ပါ၏ ” ဟု အဆိုရှိသဖြင့် ဥပ-သဒ္ဒါကို ဆည်းကပ်ခြင်း၊ ကပ်ခြင်းဖြင့် အဓိပ္ပါယ် ဖွင့်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ဝါကပ်ရမည်၊ ဝါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား ဝါဆိုလပြည့်ကျော် ၁-ရက်တွင်မှ ဝါကို စတင် ကပ်ရ၊ ဝင်ရခြင်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်) ကျောင်းတိုက်အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ဝါဆိုလပြည့်နေ့တွင် ဝါကပ်မည်ဟု သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုရမည်ကို နောက်ပြန် တွက်ချက်ခြင်းအားဖြင့် ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ဝါကပ်မှသာလျှင် သုံးလအတိ ပြည့်မည် ဖြစ်သောကြောင့်တည်း။ ပါဠိအလို “တေ မာသံ - သုံးလ” ဟု လာရှိသည်။

ရဟန်း သံဃာတော်တိုင်း ဝါမကပ် မနေရ၊ ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်မြို့၊ ရှဥ့်များကို အစာကျွေးရာ ကလန္ဒကနိဝါပ ဥယျာဉ်၊ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးစဉ် သံဃာတော်များအား မိုးတွင်းသုံးလ ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူသည်။ ပညတ်တော်မူရခြင်း အကြောင်းရင်းကား ဤသို့တည်း။

ရဟန်းတော်များသည် မြတ်စွာဘုရား၏ သာသနာပြု အဓိဌာန်ဖြစ်သော “မာ ဧကနေ ဒွေ- လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွားပါနှင့် ” အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။ နေ့မရွေး၊ ညမနား၊ နေမိုးကို အန်တု၊ ဆောင်းကို မမှု သာသနာပြု စိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့ လှည့်လည်ကာ အသိအမြင် မပွင့်လင်းသေးသော သူတို့အား ဗုဒ္ဓတရားတော်များ ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင် ခရီးထွက်သည့်အခါ ကိစ္စမရှိ။ လမ်းခရီးများ ခြောက်သွေ့နေသဖြင့် ခရီးထွင်သည်။ ကြွလိုသည့် လမ်းခရီးကို အလွယ်တကူနှင့် အမြန်ရောက်နိုင်သည်။ သို့သော် မိုးတွင်းကာလတွင် ခရီးထွက်သည့်အခါ ပြဿနာ ရှိနိုင်သည်။ လမ်းခရီးတွင် ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင် ရေဖြင့် ပြည့်လျှံနေမည်။ ထိုအခါ ကွေ့ရ ပတ်ရမှ သွားနိုင်သကဲ့သို့၊ မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြင့် အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။ လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ ဖို့ထားသည့် ကန်သင်းကို ဖြတ်သန်းသွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြား လယ်သမားဆို ပိုပင် ဆိုးမည်။

ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ “သာကီဝင်နွယ်ဖြစ်တဲ့ ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ဖျက်စီးပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။ စွတ်စိုတဲ့ကာလမှာတောင် တစ်နေရာထဲ နေဖို့ မကြိုးစားကြချင်ဘူး။ ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင် အသိုက်အမြုံ အကျအန ဆောက်ပြီး နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ” အစရှိသည့် စကားတို့ဖြင့် ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။

ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက်ရောက်လာသည့်အခါ အများ၏ အကြည်ညိုခံ ရဟန်းတော်များအတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက် ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။ ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်ပေါ်လာသည့်အခါ ဝါတွင်းသုံးလအတွင်း ဝါမကျိုးသော (ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင် ၅-မျိုး ခံစားခွင့်ရကြသည်။

မြန်မာပြက္ကဒိန်အရ လေးနှစ်ရောက်တိုင်း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခွဲခြားထားသော်လည်း သံဃာတော်များ၏ ပထမဝါဆို ဒုတိယဝါဆိုမှာ ပြက္ကဒိန်အလို မဟုတ်ပါ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော ရဟန်းတော်များကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင် ပုရိမ-ဝါကပ် (အရပ်သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင်၊ ပထမ-ဝါကပ်) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင်မှ ဝါဆို ဝါဝင် ဝါကပ်နိုင်သော သံဃာတော်များကို ပစ္ဆိမ-ဝါဆို ပစ္ဆိမ-ဝါဝင်၊ ပစ္ဆိမဝါကပ် (အရပ်သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင်၊ ဒုတိယ-ဝါကပ်) ဟူ၍ သတ်မှတ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ရသည်။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ဆုံးရှုံးသည်။


ဝါပန်ခြင်းနှင့် ဝါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ဝါတွင်းကာလမှာ တခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ဝါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ဝါပန်တယ်လို့ ဆိုပါတယ်။ ဝါဆိုဝါကပ်ပြုပြီး ဝါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ဝါကျိုးပါတယ်။


ဝါကျိုးခြင်းနှင့် ဝါအရေအတွက် မရခြင်း

ဝါကျိုးတယ်ဆိုတာ ဝိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ဝါကျိုးရင်ကိုပဲ ဝါမရဘူး ဒီကျိုးတဲ့ ဝါကို ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ဝါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ဝါဆိုဝါကပ်ပျက်ခြင်း ဝါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ဝဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဝါတွင်းသုံးလပတ်လုံး (ပုရိမ+ ပစ္ဆိမနှစ်မျိုးလုံး) ဝါဆို ဝါဝင် ဝါကပ်ထားသော သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ဝါတွင်းကာလ ခရီးထွက်ခွင့် ရပါသေးသည်။ သို့သော် ဝါပန်ရမည်။ ၇-ရက်၊ ၇-ည မပြည့်မီ (၆-ရက်၊ ၆-ည) ကာလအတွင်း ဝါကပ်ထားသည့် ကျောင်းကို အရောက် ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်း မူလဝါဝင်ကျောင်းကို ပြန်မရောက်ပါက ဝါကျိုးသည် ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ဝါ-အရေအတွက် ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊ ကထိန်အနိသင်သာ မရရှိခြင်း ဖြစ်သည်။ ဝါကျိုး၊ ဝါပျက်သော်လည်း သိက္ခာတော် ၁-ဝါ၊ ၂-ဝါ ရေတွက်နိုင်ပါသည်။ ထိုကြောင့် ဝါတွင်း၌ သံဃာတော်များ ညအိပ် ခရီးမထွက်ရဟု ပုံသေ တွက်မထားကြပါရန်နှင့် ဝါတွင်းကာလ ခရီးထွက်နေသော ရဟန်းတော်များကိုလည်း အပြစ်မမြင် ကြရန် လိုအပ်လှပေသည်။


ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်-
ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။ ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
အရှင်အလင်္ကာ (ခေတ္တ-အိန္ဒိယ)

ကျမ်းကိုး-
၁။ ဝိနယပိဋက၊ မဟာဝါ ပါဠိတော်၊ အဌကထာ၊ မဟာခန္ဓကဝဂ်
၂။ သာသနာဝံသကျမ်း
၃။ မြန်မာ ဆယ့်နှစ်လအကြောင်း၊ မောင်ထင်
၎။ http://lovecanfly24.blogspot.com/2009/07/blog-post_139.html
၅။ http://en.wikipedia.org/wiki/Vassa
လိုချင်သူများရှိပါက လိုက်လံရှာဖွေမနေရစေရန် အကြောင်းအရာအားလုံးကို အောက်ဖော်ပြပါ စာမျက်နှာမှ တိုက်ရိုက် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ဤပိုစ့်အားကူးယူခဲ့သောနေရာ http://www.dhammyutmon.com/2010/07/blog-post_23.html
                                                              အရှင်ဥက္ကဋ္ဌ(thuwunnaoscar)
                                                            သတိပဋ္ဌာနဓမ္မရိပ်သာ(မလေးရှား)

Thursday, April 21, 2011

ကဆုန်လပြည့်ဗုဒ္ဓနေ့

လာမယ့် ၅ လ ပိုင်း ၁၇ ရက် နေ့မှာ ကျရောက်မယ့် ကဆုန်လပြည့်ဗုဒ္ဓနေ့(သို့) Vesak Day ကြောင်းသမိုင်းအကျဉ်းလေးကို ရေးသားလိုက်ရပါတယ် ။

  မဟာလူသား မြတ်ဗုဒ္ဓ ,သစ္စာတ၇ားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရား ရှင်ရဲ့ မွေးနေ့ကို ရောက်ပါပြီ၊ ခရစ်တော်နဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ခရစ်စမတ်တဲ့ ။ ဗုဒ္ဓနဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ဝီဆတ်ဒေး လို့ခေါ်ပါတယ်။ နိုင်ငံတကာမှာ တနိုင်ငံနဲ့ တနိုင်ငံ ကျင်းပပုံတွေကလဲ မတူညီကြပါဘူး။ ရိုးရာ ပြက္ခဒိန်ကို လိုက်ပြီး နေ့ရက်တွေလွဲသလို အခေါ်အဝေါ်တွေလဲ လွဲနေတာ တွေ့ရပါလိမ့်မယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ဝိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ဝိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ဝိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ဝိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒဝ(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ဝိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။
အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ဝိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။

ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။

၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ဝိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဝိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ အသုံးပြုကြပါသေးတယ်။ အမှန်ပြောရရင် ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတဉာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေပါ တယ်။
ဒါကို မြန်မာ့ယဉ်ကျေးမှုမှာတော့ ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ်။

၁- ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာ အမျိုးကောင်းသားကို လေးသင်္ချေ ကမ္ဘာတသိန်းထက်မှာ ဂေါတမ ဗုဒ္ဓနာမည်နဲ့ ဘုရားဖြစ်လိမ့်မယ်လို့ မိန့်ကြားခဲ့တာလဲ ဒီကဆုန်လပြည့်နေ့ပါပဲ။



၂- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် ဘီစီ ၆၂၃ မှာ မွေးဖွားခဲ့ပါတယ်။


၃- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။



၎- မဟာသက္ကရာဇ် ၁၀၄ ကဆုန်လပြည့် ဘီစီ ၅၈၇ မှာ ဗုဒ္ဓဝင်အကျဉ်းကိုဟောတော်မူပါတယ်
  

၅= မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အဂါင်္နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်။

ဘုရားအဖြစ်နဲ့ ၄၅ ဝါ သီတင်းသုံးတော်မူခဲ့တယ်။ အဲဒီ ၄၅ နှစ်အတွင်းမှာ တရားဟောခြင်း သံဃာ့အဖွဲ့အစည်း ထူထောင်ခြင်း နှင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့အကျိုးတရားကို နေ့မနားညမအား ကြိုးစားဆောင်ရွက်တော်မူခဲ့ပါတယ်။




     သတိပဋ္ဌာနဓမ္မရိပ်သာ တွင်လည်း ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် ဗုဒ္ဓသာသနာနုဂ္ဂဟ အသင်းဝင်များနှင့် သတိပဋ္ဌာနဓမ္မရိပ်သာ ဝတ်ရွတ်အသင်း တို့ကလည်း ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ပွဲများကိုကျင်းပသွားမည်ဖြစ်ပါသည်။
Photobucket

အမေနေ့အမှတ်တရ

မြန်မာ့အနုပညာ

you